Skip to main content
x

လွိုင်ကော်မြို့တွင် နေရပ်ပြန်ပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသမျိုးသန့် တိရစ္ဆာန်များပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိသည့် ဒေသခံပြည်သူများအား မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ဒေသမျိုးသန့် တိရစ္ဆာန်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် နေရပ်ပြန်ပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ တွင် ပြည်နယ်အတွင်း နေရပ်ပြန်ပြည်သူများအနေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး မိသားစုဝင်ငွေတိုးတက်ကာ ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် အသားစားသုံးမှု ဖူလုံစေရေးအတွက် တစ်ဖက်တစ်လမ်းမှနေ၍ အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ကယားပြည်နယ်သည် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလားအလာကောင်း၊ အခြေအနေကောင်းများ တည်ရှိသည့် အတွက် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်မှသာ ပြည်နယ်အတွင်း လုံလောက်စွာထုတ်လုပ်နိုင်ပြီး အသားနှင့်ဥ စားသုံးမှုဖူလုံလာမည်ဖြစ်ကြောင်း၊ အထူးမှာကြားလိုသည်မှာ အယ်လ်နီညို ဖြစ်စဉ်ကြောင့် မွေးမြူသူများအနေနှင့် လူမှုစီးပွားဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ 
ထို့နောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နေရပ်ပြန် ပြည်သူများအား မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့သည်။ 
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ ပန်ကန်းရပ်ကွက်နှင့် မြေနီကုန်းရပ်ကွက်များမှ နေရပ်ပြန်ပြည်သူများအား ဒေသမျိုးသန့် တိရစ္ဆာန်များပေးအပ်ရာ  အသီးသီးလက်ခံရယူခဲ့ကြသည်။ 
ဆက်လက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လွိုင်ကော်မြို့နယ်၊  စိုက်ကွင်း (၃)၊ ကုန်းသာကျေးရွာ၊ ထေးငှားလျား၊ ပန်ကန်း၊ မြေနီကုန်းရပ်ကွက်များနှင့် ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာနေ နေရပ်ပြန်ပြည်သူများအား  ဒေသမျိုးသန့်တိရစ္ဆာန်များအား အသီးသီး ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေရပ်ပြန်ပြည်သူများသို့ ပေးအပ်မည့် ဒေသမျိုးသန့် တိရစ္ဆာန်များကို လှည့်လည်ကြည့်ရှုခဲ့သည်။ ယနေ့အခမ်းအနား တွင် နေရပ်ပြန်ပြည်သူ အိမ်ထောင်စု (၆၈) စုတို့အား ဝက် (၃၅)ကောင်၊ ဆိတ် (၁၅)ကောင်နှင့် ကြက် (၁၈၀)ကောင် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။