Skip to main content
x

ကယားပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်၊ အယ်လ်နီညိုအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရှိ

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက် ပျက်စီးခဲ့သည့် နောင်ယားဈေးပြန်လည်ဖွင့်လှစ်နိုင်ရေး ပြုပြင် ဆောင်ရွက်နေမှု၊ အခြေခံပညာအထက်တန်းကျောင်းများ ပြုပြင်ဆောင်ရွက်နေမှု၊ နာနတ်တော ရပ်ကွက်သို့ ရေးပေးဝေနိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နောင်ယားဈေးသို့ သွားရောက်ပြီး ဈေးရုံ ၁၇ ရုံ၊ ဆိုင်ခန်းပေါင်း ၃၂၈ ခန်း ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လုပ်ငန်းများအမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ဈေးဆိုင်ခန်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်မှာကြား သည်။ 
ဆက်လက်၍ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သည့် နာနတ်တောရပ်ကွက်သို့ ရေပေးဝေနိုင်ရေးအတွက် 50 HP မော်တာ နှစ်လုံးနှင့် 20 HP မော်တာ နှစ်လုံးတပ်ဆင်ခြင်းလုပ်ငန်း၊ ဂါလံ ၂၀၀၀၀ ဆံ ရေစုကန်နှင့် ဂါလံ ၁၂၀၀၀ ဆံ့ ရေစင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက်  အကြမ်းဖက်သမားများကြောင့်  ထိခိုက်ပျက်စီးခဲ့သည့်      အခြေခံပညာအထက် 
တန်းကျောင်း(နာနတ်တော)သို့ သွားရောက်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျောင်းဆောင် ငါးဆောင် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် RCC တစ်ထပ် စာကြည့်တိုက်အသစ် ဆောက်လုပ်ပြီးစီးမှုများအား လည်းကောင်း၊  အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် RCC နှစ်ထပ် ကျောင်းဆောင် အသစ်ဆောက်လုပ်နေမှုနှင့် ကျောင်းဆောင် ငါးဆောင် ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ကျောင်းဆောင် တစ်ဆောင် ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး  တည်ဆောက်ပြုပြင်ရေးလုပ်ငန်းများအားလုံး အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ စာသင်ကျောင်းဝန်းအတွင်း ချုံမြက်များ ရှင်းလင်းပေးရန်နှင့် စာသင်ဆောင်များသန့်ရှင်းရေးဆောင်ရွက်ရန်မှာကြားပြီး ကျောင်းအတွက် လိုအပ်သည့် ရုံးသုံး စက်ကိရိယာပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် ကြိုတင်ပြင်ဆင်မှုများအဖြစ် ဆောင်ရွက်ထားသည့် အပူရှောင်စခန်းအမှတ် (၁)နှင့် အမှတ်(၂) သို့သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အပူရှောင်စခန်းဖွင့်လှစ်ထားရှိမှုအခြေအနေ၊ အပူရှောင်စခန်းများ၏ ဝင်ဆံ့မှု၊ ဝန်ထမ်းများ တာဝန်ချ ထားမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြ သည်။ 
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ Heat Stoke Unit ဖွင့်လှစ်ထားရှိမှု အားကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျန်းမာရေးဦးစီးမှူးက အပူဒဏ်ကြောင့် လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးမည့် အခြေအနေများ ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့် ဆေးဝါးနှင့် ပစ္စည်းများ ပြည့်စုံစွာထားရှိရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းအဖြစ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်မီးသတ်ဦးစီးဌာနသို့ သွားရောက်ပြီး အရေးပေါ်အခြေအနေများအတွက် ရှာဖွေကယ်ဆယ်ရေး ယာဉ်များနှင့် ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိမှု၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ဝင်များအားလုံး အမြဲတမ်း သင့် လေး သင့်ဖြစ်စေရေး ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပြီး ရပ်ကွက်များအတွင်း အရေးပေါ် မီးသတ်ရေငုတ်များ တပ်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။