Skip to main content
x

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုများ၊ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

၂၀၂၂-၂၀၂၃ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ၊ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ၊ ဗိုလ်မှူးကြီးမြင့်ဝေ ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာန ၊ ပညာရေးဦးစီးဌာန ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား လူငယ်များ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားရေးသည် အလွန်အရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေး ဝန်ကြီးဌာနှင့် ပူးပေါင်းပြီး ကျောင်းသား လူငယ်များအတွက် ကျန်းမာရေးကို ပြုစုပျိုးထောင် စောင့်ရှောက်လျက်ရှိပါကြောင်း ၊ ကျောင်းကျန်းမာရေးလုပ်ငန်းသည် ကြိုတင်ကာကွယ်ခြင်း နှင့် ကျန်းမာမှုအဆင့်မြှင့်တင်ခြင်း အတွက် အခြေခံကျသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဖြစ်ပါကြောင်း ၊ ပြည်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား ၊ ကျောင်းသူများကို အသက်အရွယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါကြောင်း ၊  ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗဟိုနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့များ ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းပံ့ပိုးမှု ပိုမိုအား ကောင်းလာစေရန် ၊ ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ၊ ကျောင်းသား ၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး ၊ ရေရှည်တည်တံ့ စေရေးအတွက် အထောက်အကူ ရစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် Video Clip ပြသပြီး ပြည်နယ်ပညာရေးမှူး ဒေါက်တာကျော်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အသိပညာပေး ပြခန်းများအား လှည့်လည်ကြည့်ရှုပြီး ကျောင်းသား ၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင် ကျောင်းသူများအား သံဓာတ်အားဖြည့် ဆေးပြားများပေးဝေခြင်း ၊ သူငယ်တန်း ကျောင်းသား၊ ကျောင်းသူများအား မုန့်၊ ကြက်ဉနှင့် အာဟာရ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။