Skip to main content
x

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ

တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီတွင် လွိုင်ကော်မြို့ရှိ လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ စတင်ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ လေ့လာသူ (၂၅) ဦး တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးမော်ရယ်က တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးသို့ တက်‌ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၆) ဦး ရှိပြီး တက်ရောက်သူ (၁၀၀) ရာခိုင်နှုန်းရှိသည့်အတွက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (ဒုတိယနေ့) အထမြောက်ကြောင်းနှင့် အစည်းအဝေးကို စတင်ကျင်းပ ကြောင်း ကြေညာခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မှုအခြေအနေတင် ပြချက် ကို အတည်ပြု မှတ်တမ်းတင်ခဲ့သည်။  
ထို့နောက် ကြယ်ပွင့်ကြမေးခွန်းများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုးညွန့် ရှားတောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂)က မေးခွန်း (၁) ခု၊ ဦးစိုးရယ် ဘောလခဲမြို့နယ်ကိုယ်စားလှယ် အမှတ် (၁) က မေးခွန်း (၁) ခု၊ ဦးစောဒီးဒီ ဘောလခဲမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) က မေးခွန်း (၁) ခု၊ ဦးဇော်မင်းဦး မယ်စဲ့မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) က မေးခွန်း (၂) ခု စီမေးမြန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးများက မေးမြန်းချက်များအပေါ် အသီးသီး ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
ဆက်လက်၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်းပြီး ပြည်နယ်ဝန်ကြီး (၂) ဦးက အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးမော်ရယ်က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထားချက်နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အတည်ပြုကြောင်း ကြေငြာခဲ့သည်။ 
ထို့နောက် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့) ရပ်နားခဲ့ကြောင်းနှင့် တတိယအကြိမ် ကယားပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (တတိယနေ့) ကို အောက်တိုဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။