ဂန္ဓကုဋီတိုက်အာရုံခံတန်ဆောင်းတော် အသစ်တည်ဆောက်ရေးနှင့် ကျောင်းအဝင်လမ်းခင်းရန် ကယားပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေများ လှူဒါန်း

1-8-2017 1

1-8-2017 2

1-8-2017 3

လွိုင်ကော်    သြဂုတ် ၁


    လွိုင်ကော်မြို့၊ ဆုတောင်းပြည့်မဟာမြတ်မုနိမိုးကောင်းဘုရားကြီး၏ ဂန္ဓကုဋီတိုက်အာရုံခံတန်ဆောင်းတော် အသစ်တည်ဆောက်ရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ အလှူတော်ငွေကျပ်သိန်း(၅ဝ)ပေးအပ်လှူဒါန်းပွဲကို သြဂုတ်လ (၁)ရက်နေ့၊ နံနက်(၈:၅ဝ)နာရီအချိန်က ဆုတောင်းပြည့်မဟာမြတ်မုနိမိုးကောင်းဘုရားကြီး၌ ပြုလုပ်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးတို့က ပေးအပ်လှူဒါန်းရာ ဂန္ဓကုဋီတိုက်အာရုံခံတန်ဆောင်းတော် အသစ်တည်ဆောက်ရေးကော်မတီဥက္ကဌ ဦးကြည်စိုးက လက်ခံရယူသည်။
    လွိုင်ကော်မြို့၊ ဆုတောင်းပြည့်မဟာမြတ်မုနိမိုးကောင်းဘုရားကြီး၏ ဂန္ဓကုဋီတိုက်အာရုံခံတန်ဆောင်းတော် အသစ်သည် အလျား(၁၅ဝ)ပေ၊ အနံ(၇ဝ)ပေ၊ အမြင့်(၃၆)ပေ(၆)လက်မ၊ အဆောက်အဦအမျိုးအစား  Steel Structure ဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ်(၅၅၉)သန်း ဖြစ်ကြောင်း ၊ ဆုတောင်းပြည့်မဟာမြတ်မုနိမိုးကောင်းဘုရားကြီး၏ ဂန္ဓကုဋီတိုက် အာရုံခံ တန်ဆောင်းတော်သည် မိုးကောင်းဘုရားကြီးစတင်တည်ထားကိုးကွယ်သည်မှ ယနေ့ထိ နှစ်ပေါင်း(၈ဝ)ကျော် ကြာမြင့်လာပြီဖြစ်သည့်အတွက် အဖက်ဖက်မှ ယိုယွင်းပျက်စီးလာပြီး ကြံ့ခိုင်မှု အားနည်းလာပြီဖြစ်သည့်အတွက် ပြည်နယ်၊ မြို့နယ် သံဃမဟာနာယကဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် သာသနာတော်ဆိုင်ရာ ဝိနည်းတော်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသအာဏာပိုင် အဖွဲ့အစည်း အသီးသီးတို့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုကို ခံယူလျက် မိုးကောင်းဘုရားကြီး၏ ဂန္ဓကုဋီတိုက်အာရုံခံ တန်ဆောင်းတော်အား အသစ် ပြန်လည်တည်ဆောက်သွားရန် ဆရာ၊ ဒကာများ စည်းလုံးညီညွှတ်စွာဖြင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
    ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊  ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အဝင်လမ်းခင်းရန်အတွက် ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော  အလှူတော် ငွေကျပ်(၁ဝ၉)သိန်းအား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ဆရာတော်ထံ သွားရောက်လှူဒါန်း ခဲ့ကြောင်းသတင်းရရှိသည်။

 

                                        ကယားပြည်နယ်ပြန်/ဆက်