လွိုင်လင်လေးမြို့ လူငယ်ဖလား ဘောလုံးပြိုင်ပွဲကျင်းပ

2-12-2019-2 1

2-12-2019-2 2

2-12-2019-2 3

(၂၀၁၉ ဒီဇင်ဘာ ၂)

ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုအနေဖြင့် ကျန်းမာကြံ့ခိုင်သော လူမှုနေ့စဉ်ဘဝများကို ခံစားရရှိ နိုင်ရန်အတွက် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ လူငယ်ဖလား ဘောလုံးပြိုင်ပွဲအား (၂.၁၂.၂၀၁၉)ရက်နေ့ လွိုင်လင်လေးမြို့၊ ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးအားကစား ပြိုင်ပွဲဝင်အသင်းများနှင့် ဘောလုံးအားကစား ဝါသနာရှင်များမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ ဘောလုံးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း၊ လူငယ်မောင်မယ်များအနေနှင့် အားကစားကို စိတ်ပါဝင်စားမှုရှိသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ အားကစားပြုလုပ်ခြင်းဖြင့် မိမိအတွက်သာမက မိမိ၏ တိုင်းပြည်အတွက်ပါ ကောင်းမွန်သည့် လုပ်ဆောင်ချက်တစ်ရပ် ဖြစ်ပါကြောင်း၊ ဘောလုံးပွဲများကျင်းပရာတွင် နိုင်ငံခြား ဘောလုံးကလပ် အသင်းများကိုသာ စိတ်ပါဝင်စားစွာ ကြည့်ရှုကြပါကြောင်း၊ ဘောလုံးအားကစားကဏ္ဍတွင် အားနည်းခဲ့သည်များရှိခဲ့ပြီး ထူးချွန်အားကစားမောင်မယ်များကို ရွေးချယ်သည့် နေရာတွင်လည်း အားနည်းခဲ့ပါကြောင်း၊ ယင်းအားနည်းချက်များကို ယနေ့အချိန် မိမိတို့အရပ်သား အစိုးရလက်ထက်တွင် ပြုပြင်နိုင်ရေးအတွက် စတင်နေပြီ ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူ့အစိုးရလက်ထက်တွင် တတ်စွမ်းသမျှ ပူးပေါင်းခွင့်၊ ဖော်ထုတ်ခွင့်များကို ပေးလျက်ရှိပါကြောင်း၊ (၄) နှစ် နီးပါးကာလတွင် ဘောလုံး ကွင်းကြမ်းများကို ဖော်ထုတ်နိုင်ခဲ့ပြီး ပြည်သူများမှ လိုလားစွာဆောင်ရွက်လိုသည်ကို တွေ့မြင်ရပါကြောင်း၊ မိမိအနေနှင့် မြို့နယ်(၇) မြို့နယ်တွင် ဘောလုံးကွင်းကြမ်းများစွာကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ကျေးရွာနှင့် သင့်လျော် သည့်ကွင်းများကို ဖော်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ အစိုးရအနေနှင့် ပိုမိုပြည့်စုံကောင်းမွန်သည့် ဘောလုံးကွင်းများကို ဖော်ဆောင်ပေးလိုသော်လည်း ရန်ပုံငွေ အားနည်း ချက်များကြောင့် အနည်းငယ်သာ ဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ယခုအခါ ပြည်သူများမှ တောင်းဆိုထားသည့် ကျေးရွာဘောလုံးကွင်းကြမ်းများကို ကြိုးပမ်းဖော်ဆောင် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုလို ကျေးရွာများ စုစည်း၍ ဘောလုံးပြိုင်ပွဲ ပြုလုပ်ပေးခြင်းကိုလည်း ဂုဏ်ယူပါကြောင်း၊ လူတိုင်းတွင် အကောင်းနှင့်အဆိုးသည်ဒွန်တွဲ နေပြီး မိမိတို့အနေနှင့် မိမိတို့၏ အားနည်းချက်များကို ပြုပြင်၍ အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ယနေ့ပြုလုပ်မည့် ဘောလုံးပြိုင်ပွဲတွင် လူငယ်များအနေနှင့် ယှဉ်ပြိုင် ခြင်းကိုသာ အဓိကထားပြီး အားကစားရည်မှန်းချက်အတိုင်း နိုင်ငံ့အကျိုးကို ထမ်းရွက်နိုင်သည့် နိုင်ငံသားကောင်းများ ဖြစ်အောင်ကြိုးပမ်းကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် အစီအစဉ်အရ ဘောလုံးပြိုင်ပွဲဝင်အသင်းများ မှ အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုခြင်း၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အားကစား အထောက် အကူပြုပစ္စည်းများ ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးမှ လက်ခံဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကာ ဖွင့်ပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

ထို့နောက် ပွဲစဉ် (၁) ဘောလုံးပွဲတွင် ပြုံးချို FC အသင်း နှင့် ခိုက်ပလာအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲစဉ်အား ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ကွင်းအတွင်းသို့ ဘောလုံးကန်သွင်း၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ပြီး ဘောလုံးယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေးခဲ့ကြပါသည်။

လွိုင်လင်လေးမြို့၊ ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံး ပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၁၉) သင်းတို့မှ (၂.၁၂.၂၀၁၉) ရက်နေ့မှ (၂၇.၁၂.၂၀၁၉) ရက်နေ့အထိ အုပ်စုပွဲစဉ်များမှ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။