ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာဦးစီးမှူးရုံး အဆင့်ဆင့်မှ ဝန်ထမ်းများနှင့် ပြည်နယ် ဝန်ကြီးချုပ် တွေ့ဆုံ

26-8-2019 1

26-8-2019 2

26-8-2019 3

(၂၀၁၉ သြဂုတ် ၂၆)

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ နှင့် တွေ့ဆုံပြီး တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက် များနှင့်စပ်လျဉ်း၍ ကဏ္ဍများအလိုက် ဖြည့်ဆည်း ဆောင် ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုသည် (၂၆-၈-၂၀၁၉)ရက်နေ့ (ဝ၉၀ဝ)နာရီအချိန် စည်ပင် သာယာရေးနှင့် လူမှုရေး ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံး အဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦီးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာ တွင် ယနေ့တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အကြီး အကဲ များ၊ လဝကဌာနမှ အရာထမ်း၊ အမှုထမ်းများ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေကြောင်း၊ လူမှု စီးပွား ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ဖော်ဆောင်လျက်ရှိကြောင်း၊ ဌာန များ၏ အားသည် ပြည်သူများအတွက် မဖြစ်မနေ အရေးကြီး သည့် ကဏ္ဍတွင်ပါဝင်နေကြောင်း၊ တစ်စုတစ်ဖွဲ့တည်း နှင့် လုပ်ဆောင်၍မရကြောင်း၊ ပေါင်းစပ်ချိတ်ဆက်ညှိနှိုင်းမှု များဖြင့် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ယခုအခါ လဝကဌာနမှ ဝန်ထမ်းများနှင့် ပထမဦးဆုံးအကြိမ်တွေ့ဆုံ ခြင်းဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ရသည့် အခက် အခဲများ၊ စိန်ခေါ် မှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ညီအစ်ကို မောင်နှမအသွင် မိသားစုအသွင် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ မိမိအနေနှင့် တာဝန်ယူရသည့် ကာလအတွင်း ဌာန ဝန်ထမ်းများ၏ အားနည်းချက်၊ အားသာချက်များကို ကြားသိလို၍ ဖြစ်ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွား ကဏ္ဍဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် ကျရာကဏ္ဍများ အလိုက် ဖော်ဆောင် နေကြကြောင်း၊ ပြည်သူများ၏ မွေးသည်မှစ၍ သေဆုံးချိန်အထိ လဝကဌာနမှ ဝန်ထမ်း များနှင့် ထိတွေ့ဆက်ဆံဆောင်ရွက်နေရကြောင်း၊ ယခုလိုအရေးပါသည့် ကဏ္ဍတွင် တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများအနေနှင့် မိမိတို့၏ ပြည်သူ့ ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းများ များပြားသည့်အတွက် ပြဋ္ဌာန်း ထားသည့်ဥပဒေများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ပြီး ယင်းသို့ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်ရပါ ကြောင်း၊ လုပ်ငန်းတာဝန်များအပေါ် စေတနာမေတ္တာများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်နေသော်လည်း တစ်ဦး တစ်ယောက်၏ ဆောင်ရွက်မှုကြောင့်ဌာနအပေါ်မကောင်း မြင်ခံ ရသည့် အခြေအနေများကိုလည်း ကြားသိရ ကြောင်း၊ ပြည်သူများအတွက် အမှန်တကယ် လုံခြုံစွာဖြင့် ရသင့်သည့် အခွင့်အရေးများ ရရှိအောင် ဌာနဝန်ထမ်းများ အနေနှင့် အားစိုက်ကြိုးပမ်းပေးစေလိုကြောင်း၊ အစိုးရ တစ်ရပ်အနေနှင့် မူဝါဒများကိုဖော်ဆောင်ရာတွင် တတ် နိုင်သည့် ပံ့ပိုးမှုများကိုလည်းတွေ့မြင်ရ ကြောင်း၊ ဘတ် ဂျက်ကန့်သတ်ချက်များကြောင့် အချို့ကဏ္ဍများတွင် အကန့်အသတ်ဖြင့်သာ ဆောင် ရွက်ပေးနေရသည်များ ရှိကြောင်း၊ ပြည်နယ်အတွင်းရှိ ဌာနဝန်ထမ်းများအနေနှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် အခက်အခဲများကို သိရှိ လို၍ တင်ပြပေးစေလိုကြောင်း၊ သို့ဖြစ်ရာ ဌာနဝန်ထမ်း များ အနေနှင့် လုပ်ငန်းဆောင်ရွက်ချက် အားသာချက်၊ အားနည်းချက်များကို တင်ပြ ဆောင်ရွက်စေလို ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး လွိုင်ကော်မြို့နယ်ရုံးမှ ဝန်ထမ်းအိမ်ရာ အခက်အခဲ ရှိသဖြင့် အိုးအိမ်ဌာနမှ ဝန်ထမ်းအိမ်ရာရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ လွိုင်ကော်မြို့နယ် အနေနှင့် ဝန်ထမ်းအင်အား ဖွဲ့စည်း ပုံအရ (၉)ဦးလစ်လပ်လျက်ရှိသဖြင့် ပြည်နယ်၏ မြို့တော်ဖြစ်သည့် အတွက် လုပ်ငန်းတာဝန်များပြား သဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုကြောင်း၊ ဖရူဆို မြို့နယ်မှ တင်ပြရာတွင် ဝန်ထမ်းအိမ်ရာ အခက် အခဲ ရှိသဖြင့် မကြာမီချထားမည့် အိုးအိမ်ဝန်ထမ်းအိမ်ရာတွင် အိမ်ခန်းနေရာ ရရှိရေးဆောင်ရွက်ပေးစေလိုကြောင်း၊ ဖရူဆိုမြို့နယ် ရုံးဝန်း (၁၀ဝx၁၅၀) ပေ အား ခြံစည်းရိုး ကာရံနိုင်ရေး အတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ရှားတောမြို့နယ်ရုံးမှ ဝန်ထမ်းအိမ်ရာ အခက်အခဲရှိသဖြင့် အိုးအိမ်ဝန်ထမ်းအိမ်ရာချထားပါက (၂)ခန်းဆောင်ရွက် ပေးစေလိုကြောင်း၊ ဘောလခဲမြို့နယ်ရုံးမှ ရုံးအဆောက် အအုံသစ် ရရှိရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ဖားဆောင်းမြို့နယ်မှ ဝန်ထမ်းအိမ်ရာအခက်အခဲရှိပြီး မိတ္တူကူးစက်တစ်လုံး လိုအပ်လျက်ရှိသဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုကြောင်း၊ မယ်စဲ့မြို့နယ်ရုံးမှ ရုံး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး လွိုင်ကော်ခရိုင်ဦးစီးမှူးများမှ လိုအပ်သည်များ ဖြည့် စွက်ရှင်းလင်းတင်ပြရာ ရုံးသုံးမိတ္တူကူးစက်များ မြို့နယ် တိုင်းတွင် လိုအပ်နေပြီး ရှားတောမြို့နယ်တွင် ကွန်ပျူတာ အခက်အခဲရှိနေ၍ ဖြည့်ဆည်းပေးစေလိုကြောင်း၊ ဘော လခဲခရိုင်ဦးစီးမှူးမှ ခရိုင်ဦးစီးမှူးရုံး အဆောက်အအုံ လိုအပ်လျက်ရှိကြောင်း၊ ရုံးသုံးပရိဘောဂများလည်း လိုအပ်နေပါကြောင်း၊ ရုံးမြေနေရာရရှိရေး အတွက် ဆောင်ရွက်ပေးစေလိုကြောင်း၊ ခရိုင်အတွင်းရှိ စုပေါင်း စစ်ဆေးရေး ဂိတ်များတွင် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက် နေရာထိုင်ခင်းနှင့် ရုံးသုံးပရိဘောဂများ ဖြည့် ဆည်းပေးစေလိုကြောင်း၊ ခရိုင်အတွင်းရှိ မြို့နယ်များ အတွက် မိတ္တူကူးစက်များ လိုအပ်နေသဖြင့် ဖြည့်ဆည်း ပေးစေလိုကြောင်း၊ ပြည်နယ်ဦးစီးမှူးမှ ပြည်နယ်တွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ တင်ပြခဲ့ပြီး လေဆိပ်တွင် ဆောင်ရွက်လျက်ရှိသည့် Scanner နှင့် ဆက်စပ်ပစ္စည်းများ အသုံးပြုနိုင်ရန်အတွက် လိုအပ် သည်များ ဖြည့်ဆည်းပေးစေလိုကြောင်း၊ ပြည်နယ်ရုံး အတွက် လိုအပ်သည့် ခြံစည်းရိုးကာရံနိုင်ရေး ပံ့ပိုးပေး စေလိုကြောင်း၊ ပြည်နယ်ရုံးနှင့် လွိုင်ကော်ခရိုင် ရုံးမှ ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်သည့် မော်တော်ယာဉ် များ ပံ့ပိုးပေးစေလိုပါကြောင်းဖြင့် အသီးသီးတင်ပြခဲ့ ကြပါသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများမှ ကဏ္ဍအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေး မည့် အခြေအနေများအား ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်ဦးစီးမှူးရုံး လိုအပ် လျက်ရှိသော ခြံစည်းရိုး ကာရံနိုင်ရန်အတွက် ငွေကျပ် (၅)သိန်း၊ လွိုင်ကော်ခရိုင်ရုံး လျှပ်စစ်မီးတိုင်နှင့် မီးကြိုး လဲလှယ်ရန်အတွက် ငွေကျပ်(၃၇)သိန်း၊ ဒီးမော့ဆိုမြို့နယ် ရုံးအဝင်တံတားပြုပြင်နိုင်ရန်အတွက် ငွေကျပ်(၂)သိန်း၊ ဖရူဆိုမြို့နယ်ရုံး ခြံစည်းရုံးကာရန်နိုင်ရန်အတွက် ငွေကျပ် (၃၁)သိန်း၊ ရှားတောမြို့နယ်အတွက် မိတ္တူကူးစက်(၁) လုံး နှင့် Laptop တစ်လုံးဝယ်ယူရန် အတွက် ငွေကျပ် (၈)သိန်း၊ ဘောလခဲ၊ မြို့နယ် မိတ္တူကူး စက်ဝယ်ယူရန် အတွက် ငွေကျပ်(၃)သိန်း၊ ဖားဆောင်းမြို့နယ် မိတ္တူ ကူးစက် ဝယ်ယူရန်အတွက် ငွေကျပ်(၃)သိန်းနှင့် မယ်စဲ့ မြို့နယ်အတွက် မိတ္တူကူးစက်ဝယ်ယူရန် အတွက် ငွေ ကျပ် (၁၀)သိန်း စုစုပေါင်း ငွေကျပ်(၉၉)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာ စကား ပြောကြားရာတွင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြောက်ရွံ့နေရန်မလိုဘဲ မှန်ကန်စွာဖြင့် ရဲရဲဝံ့ဝံ့ ဆောင် ရွက်ကြစေလိုကြောင်း၊ သို့မှသာလုပ်ငန်းများ ပိုမို အောင် မြင်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဌာနဝန်ထမ်းများ အနေနှင့် မိမိတို့ ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာ တွင် ဥပဒေ၊ မူဝါဒများနှင့်အညီ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြစေ လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရိုင်လဝကရုံးသို့ သွားရောက်ပြီး ရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာ အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။