မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဆိုးသွမ်းလူငယ်များ လျော့နည်းပပျောက်ရေး ပညာပေးဆောင်ရွက်

လွိုင်ကော် ဇူလိုင် ၃၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မှုခင်းကျဆင်းရေး၊မှုခင်းကြိုတင်ကာကွယ်ရေးနှင့် ဆိုးသွမ်း လူငယ်များ ပပျောက်ရေးတို့အတွက်စီမံချက်များရေးဆွဲ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ လွိုင်ကော်မြို့မစခန်းမှ ခေတ္တရဲစခန်းမှူးနှင့် လှည့်ကင်းတပ်ဖွဲ့ဝင်များသည် ဇူလိုင် ၃၀ ရက် နံနက် (ဝ၃:၅၀) မှ (ဝ၄:၃၀)နာရီအထိ လွိုင်ကော်မြို့၊ နောင်ယားကန်၊ ထေးငှားလျားကန်ပတ်လမ်း ဝန်းကျင်၌ ခြေလျင်လျှောက်ကင်းဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် နားနေဆောင်များနှင့် ထိုင်ခုံ တန်းလျားများ၌ အိပ်စက်နေကြသော လူငယ်အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၆)ဦးတို့ကို တွေ့ရှိရ၍ လွိုင်ကော်မြို့မရဲစခန်းသို့ ခေါ်ဆောင် မေးမြန်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၃၀ ရက် နံနက် ၁ နာရီမှ ၅ နာရီအထိ လွိုင်ကော်မြို့မရဲစခန်း နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် လွိုင်ကော် မြို့မရဲစခန်းမှ ခေတ္တရဲမှူး ရဲအုပ် ဆန်းကိုကိုအေး ဦးစီးအဖွဲ့ အား လွိုင်ကော်မြို့နယ်ရဲတပ်ဖွဲ့များမှ နံနက် (ဝ၃:၄၀) အချိန် လိုက်လံစစ်ဆေးရာ လွိုင်ကော်မြို့၊ ကြည်သာယာရပ်ကွက်အတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် လှည့်ကင်းအဖွဲ့တို့ ပူးပေါင်းပြီး လွိုင်ကော်မြို့ နောင်ယားကန်၊ ထေးငှားလျားကန်ပတ်လမ်း ဝန်းကျင်၌ (ဝ၃း၅၀)မှ (ဝ၄း၃၀)နာရီအထိ ခြေလျင်လျှောက်ကင်းဖြင့် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်စဉ် နားနေဆောင်နှင့်ထိုင်ခုံတန်းလျားများ၌ အိပ်စက်နေကြသည့် လောဓမ္မရပ်ကွက်၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဒေါဥခူရပ်ကွက်၊ နန်းကွတ်ရပ်ကွက်၊ နာနတ်တော ရပ်ကွက်နှင့် တောင်ကြီးမြို့၊ဇလယ်ကျေးရွာအုပ်စုတို့မှ လူငယ်အမျိုးသား (၁၀)ဦးနှင့် နမ့်ဘော်ဝမ်(က) ရပ်ကွက်၊ ဒေါတမရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် တောင်ကြီးမြို့၊ ဇလယ်ကျေးရွာ အုပ်စုတို့မှ လူငယ် အမျိုးသမီး (၆)ဦးတို့အား တွေ့ရှိရသဖြင့် လွိုင်ကော်မြို့မရဲစခန်းသို့ ခေါ်ဆောင် မေးမြန်း ခဲ့သည်။

            မေးမြန်းချက်များအရ မိုးရွာ၍ခရီးတစ်ထောက်ဝင်ရောက်နားခိုရာမှ အိပ်စက်မိခဲ့ခြင်း၊ အိမ်တွင်းရေး အဆင်မပြေမှုကြောင့် စိတ်လေလွင့်ပြီး ကြုံရာနေရာ၌ နေထိုင်အိပ်စက်မိခဲ့ခြင်း၊ မော်တော်ယာဉ်ပျက်၍ နေအိမ်သို့ အကြောင်းကြားခြင်း/ပြန်ခြင်းမပြုဘဲ ဝင်ရောက်နားခိုအိပ်စက်ခြင်း ဖြစ်ကြောင်း၊ သူငယ်ချင်းများ နှင့် သောက်စားလည်ပတ်ရာမှ အရက်မူးလွန်ပြီး မပြန်နိုင်ဘဲ အိပ်စက်မိခဲ့ခြင်းဖြစ်ကြောင်းတို့ကို မေးမြန်း သိရှိရသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အဆိုပါလူငယ်များအား ကာလဒေသနှင့်အညီ လိုက်လျောညီစွာ နေထိုင်ရန် လိုအပ်ကြောင်း၊ မရောက်သင့်သည့်အချိန်၌မရောက်သင့်သည်နေရာတွင် ရောက်ရှိနေခြင်း သည် ဒုစရိုက်သမားများအား လက်ယက်ခေါ်သကဲ့သို့ဖြစ်ပြီး မှုခင်းများဖြစ်ပွားလာနိုင်ကြောင်း၊ လူငယ်များ ပီပီ လောကဓံအားကြံကြံခံရင်ဆိုင်လျက် ဘဝတိုးတက်မြင့်မားအောင် ကျင့်ကြံနေထိုင်ရန်လိုအပ်ကြောင်း၊ အိမ်တွင်းရေးအခက်အခဲပြဿနာရှိသူများအနေဖြင့် စိတ်လေလွင့်ပြီး ကြုံသလိုနေထိုင်စားသောက်ခြင်းဖြင့် ဒုစရိုက်သမားများ၏ သားကောင်ဖြစ်နိုင်သကဲ့သို့ ဘဝရပ်တည်ရေးအတွက် မမှန်ကန်သည့် အတွေး အခေါ်များဖြင့် လွယ်လွယ်ဖြေရှင်းရာမှ ဒုစရိုက်သမားဘဝသို့ရောက်ရှိရန် ရာခိုင်နှုန်းများစွာရှိနိုင်ကြောင်း၊ လူသားများတွင် အမှား/အမှန်ဝေဖန်ပိုင်းခြားနိုင်သည့် အသိဉာဏ်ရှိသူများ ဖြစ်သည်နှင့်အညီ မိမိတို့၏ ပိုင်ဆိုင်သော အသိဉာဏ်အား အသုံးချနိုင်မှသာ လူ့ဘဝရရှိမှုသည် အကျိုးရှိမည်ဖြစ်ပြီး လူ့တန်ဖိုးမြင့်မား လာမည်ဖြစ်ကြောင်းနှင့် အမှား/အမှန်ဝေဖန်ပိုင်းခြားလျက် မိမိကိုယ်မိမိထိန်းကျောင်းရန်၊ မိမိအတွက်ဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေး ကျင့်ကြံနေထိုင်ရန်၊ ယခုကဲ့သို့အချိန်မတော်လမ်းဘေး၌ အိပ်စက် ခြင်းနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း နောင်ယခုကဲ့သို့ အချိန်မတော်သွားလာ လည်ပတ်ခြင်း၊ လမ်းဘေး၌ အိပ်စက်ခြင်းမပြုရန် မိမိတို့မှတစ်ဆင့် မိတ်ဆွေ၊သူငယ်ချင်းများအား ထပ်ဆင့် ရှင်းပြပြီး ထိန်းကျောင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပညာပေး ပြောကြားခဲ့သည်။

ထို့နောက်အဆိုပါ လူငယ်များအား သက်ဆိုင်ရာရပ်ကွက်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ နေရပ်လိပ်စာနှင့် အကျင့်စာရိတ္တကောင်းမွန်မှုရှိ/မရှိ အတည်ပြုပြီးနောက် နေအိမ်အသီးသီးသို့ ရဲတပ်ဖွဲ့ဝင် များမှ မော်တော်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပြီး မိဘအုပ်ထိန်းသူများထံ ရှင်းလင်းပြောပြ၍ ထိန်းကျောင်း နိုင်ရေး အပ်နှံထားရှိခဲ့ကြောင်းနှင့် ခရီးဆက်လက်ထွက်ခွာမည့်လူငယ်များအား လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။